သဲကုန်း ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် ပုံပြင်ပြော၊ ကဗျာ၊ သီချင်းရွတ်ဆို ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် သဲကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ထွန်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက်သဲကုန်းမြို့နယ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်း ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို အငယ်ဆင့်၊ အကြီးဆင့် သတ်မှတ်၍ ဆက်လက်ကျင်းပခဲ့ရာ ရင်သွေးငယ်လေးများ အားရပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်းခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)