မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ် (၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းက အဖွင့်အမှာစကား‌ ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးနိုင်ဝင်းစိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)