ခန္တီးမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အသိ‌ပညာပေးလုပ်ငန်းများစွာကို ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးသည့်လူငယ်များဖြစ်လာစေရန်၊ အတွေးအခေါ် မြင့်မားသည့်လူငယ်များဖြစ်လာစေရန်နှင့် စကားပြောစွမ်းရည်များတိုးတက်လာစေရန် ရည်ရွယ်၍ ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) ၊ ကျောင်းအုပ်ဆရာကြီး ဦးရိုဗင်ဇော်ရာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်နန်းအေးခိုင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ‌ဒေါ်တင်မာဦးက ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-11 မှ မောင်ရမ်းမင်းလင်က "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မဖြိုးကျော့ခိုင်က "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊မောင်နိုင်ထွန်းလင်းက "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11 မှ မတွန်းကားက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များအားပြန်လည်မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူ ဒေါ်တင်မာဦးနှင့်သက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေးသူများကပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး"အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ"မှ ထုတ်ဝေထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး ဇေယျာရွှေမြေလက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူ လေးများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူ ဦးရေ (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)