ခန္တီး ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးသည့်သီးနှံများ အထွက်နှုန်းတိုးတက်လာခြင်းဖြင့် ဒေသ၏ စားရေရိက္ခာဖူလုံမှုရှိစေရန်၊ ဒေသတွင်း၌ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များထုတ်လုပ်သည့် စိုက်ပျိုးရေးအခြေခံ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များလည်း ဆင့်ကဲပေါ်ထွန်းလာစေရန်နှင့် မိမိတို့ဒေသတွင် စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာ/ပိုးသတ်ဆေးပြုလုပ်သုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးပြုံးက အဖွင့်အမှာစကားပြောကြားခဲ့ကာ စိုက်ပျိုးရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးနိုင်မော်လွင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်တောင်သူများအား သင်ထောက် ကူပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်များနှင့် ပညာပေးစာအုပ်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲအားပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူးရုံးမှ ခရိုင်မျိုးစေ့တာဝန်ခံ ဉီးစီးအရာရှိ ဉီးဝင်းကျော်ထွန်းက ဘဘာဝမြေဩဇာပြုလုပ်နည်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဉီးစီးအရာရှိ ဉီးမင်းမင်းဇော်က ဘဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယလက်ထောက်ဉီးစီးမှူး ဒေါ်နှင်းဝေအောင်က မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များအားပြန်လည် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သဘာဝမြေဩဇာ/ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းအား ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံဉီးစီးအရာရှိ ဉီးမင်းမင်းဇော်က လက်တွေ့သရုပ်ပြသခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)