ပန်းတနော် ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှပန်းပင်များ မြေယာရှုခင်းပုံဖော်စိုက်ပျိုးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်- ပုသိမ်ကားလမ်းဘေး လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးရှေ့တွင် စိုက်ပျိုးခဲ့သည်။
ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အဝင်အထွက် ဆိုင်းဘုတ်နှင့် ရန်ကုန်- ပုသိမ်ကားလမ်းဘေး လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးရှေ့တွင် အလှပန်းပင်များ မြေယာရှုခင်းပုံဖော်စိုက်ပျိုးခြင်း ဆောင်ရွက်လျက်ရှိပြီး ပန်းရွှေဝါပန်းခြံတွင် နားနေထိုင်ခုံများထားရှိခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပစ္စည်းများထားရှိခြင်းနှင့် အလှပန်းပင်များစိုက်ပျိုးခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့အတူ ပန်းတနော်မြို့ သန်ရှင်းသာယာလှပစေရေး (Clean City)၊ (Green City) မြို့ဖြစ်လာ စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ အပတ်စဥ် ချုံနွယ်မြက်ပင်များ ရှင်းလင်းခြင်း၊ ပလတ်စတစ်အမှိုက်များကောက်ယူခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ် မြောင်းများ တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)