မြို့သစ် ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို မြေအောက်ရေတူးဖော်ကာ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုလက်ရှိစိုက်ပျိုးထားသည့် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်သီးစျေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း ဂွေးကုန်းကျေးရွာ ငရုတ်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“ယခုနှစ်ငရုတ်စိုက်တောင်သူများအနေဖြင့် စျေးကွက်ကိုက်တယ် တစ်ပိဿာကို (၂၀၀၀) ကျပ်မှ (၂၈၀၀) ထိ ရောင်းရတယ်၊ စျေးထိထိုင်ရောင်းတဲ့သူတွေကတော့ စျေးကွက်ပိုကိုက်တာပေါ့ စိုက်ပျိုးတဲ့မြေအနေအထားကတော့ ငရုတ်စိုက်တဲ့နေရာမှာ တစ်ခါချိုး တစ်ခါစိုက် မြေမပင်ပန်းဘဲ စိုက်လို့ရတယ်၊ လူပင်ပန်းလို့ နားမယ်ဆိုရင် ကိုယ့်ပေါ်မှာဘဲ မူတည်တာပေါ့၊ ငရုတ်သီးပထမပေါ်တုန်းက ၁၄၀၀ ထိရှိတယ် ဖြေးဖြေးချင်း ဖြိုင်ဖြိုင်ပေါ်လာတော့ စျေးနှုန်းတွေက အတက်အကျတွေ ဖြစ်လာတယ်၊ ယခုစျေးအတိုင်း သွားမယ်ဆိုရင် မိသားစုအတွက် အဆင်ပြေပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။
ငရုတ်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုရင်ပြုစုနိုင်သလို အထွက်နှုန်းကောင်းမွန်သည့်အတွက် ငရုတ်စိုက်ပျိုးသူများလာကြောင်း ဂွေးကုန်းကျေးရွာမှ စိုက်ပျိုးတောင်သူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)