အုတ်ဖို နိုဝင်ဘာ ၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့မှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးသည် အုတ်ဖိုမြို့၊ ရွာမရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံး လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသူရအောင်သည် အောင်မင်္ဂလာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင်လည်းကောင်း ကြိုတင်ဆန္ဒမဲပေးခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကာ ဆန္ဒမဲလက်မှတ်များကို ဆန္ဒပြုခန်း၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင် ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းခဲ့ကြသည်။
အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၆၃)အုပ်စုမှ တိုင်းရင်းသားရေးရာမဲရုံ (၆၇)ရုံ အပါအဝင် စုစုပေါင်းမဲရုံ (၁၂၆)ရုံရှိပြီး ယနေ့အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း (၁၀၈၀၉၃) ဦးရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)