ရှမ်းရွာသစ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များ၊ ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး P-Fizer ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အသစ်တွေ့ရှိသော ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသည် ကူးစက်ပြန့်နှံ့မှု မြင့်တက်သော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်အတွက် ထိရောက်မှုရှိကြောင်းတွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း စသည်ဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိရန်အတွက် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များနှင့်ဒေသနေပြည်သူ စုစုပေါင်း(၄၉) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အမျိုးအစား P-Fizer ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ဒေသနေပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)