မြန်အောင်မြို့ (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ပြိုင်ပွဲများကျင်းပ

မြန်အောင် ဖေဖော်ဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးဝါတို့က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ နှစ်စဉ်ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်အဓွန့်ရှည်ခိုင်မြဲရန် မျိုးဆက်သစ်လူငယ်များ၏ တာဝန်များအား ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြော၊ ပန်းချီပြိုင်ပွဲများ ကျင်းပြုလုပ်ပြီး ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြသည်။ ထို့နောက် အ.မ.က တာကြီးတန်းကျောင်းမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်၊ ဓာတ်ပုံပြခန်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရ သည်။

ဝင်းဗိုလ်(မြန်အောင်)