လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် ဆယ့်နှစ်လရာသီအလိုက် တစ်ပိုင်တစ်နိုင်သီးနှံများ စိုက်ပျိုး

လွိုင်ကော် နို၀င်ဘာ

လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုး ကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာသည် ဆယ့်နှစ်လရာသီအလိုက် တစ်ပိုင်တစ်နိုင် သီးနှံများ စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး  ခရမ်းချဉ်သီး၊ ပန်းမုန်လာ၊ ကြက်သွန်ဖြူ အဓိကစိုက်ပျိုးပြီး အခြားသီးနှံများဖြစ်သည့် ပန်း၊ မုန်ညှင်း၊ ခရမ်းသီး ၊ပြောင်း၊ စပါး တို့ကိုလည်း စိုက်ပျိုးလျက်ရှိသည်။

“စိုက်ပျိုးရေးခြံမှထွက်သည့် သီးနှံမျာအား အနီးစပ်ဆုံး မြို့ဖြစ်သည့်လွိုင်ကော်မြို့အတွင်းသို့ တင်ပို့ရောင်းချပြီး တစ်ချို့သီးနှံများကို အောင်ပန်းအထိ တင်ပို့လျက်ရှိကြောင်း၊ ဇူလိုင်လနှင့် သြဂုတ်လတွင် စိုက်ပျိုးသည့် သီးနှံများက စျေးကောင်းရရှိပြီး စက်တင်ဘာလတွင်စိုက်ပျိုးသည့် သီးနှံများက စျေးနှုန်း ကျဆင်း လျက်ရှိကြောင်း” လင်ဖုံလေးကျေးရွာရာအိမ်မှူး ဦးတင်၀င်း က ပြောကြားချက်အရ သိရသည်။

လင်ဖုံလေးကျေးရွာတွင် ရှမ်း၊ ပအိုဝ့် နှင့်အခြားတိုင်းရင်းသားများ နေထိုင်ကြပြီး လင်ဖုံလေးကျေးရွာကို အထက်ရွာ၊ အောက်ရွာ စုစုပေါင်း အိမ်ခြေ (၁၉၃) အိမ်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၇၅) % ရှိကာ ကျန် (၂၅)%က လက်လုပ်လက်စား လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)