ရွှေဘို ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးတန်ဖိုးလျှော့နည်းစေရေးတို့အတွက် ပြည်သူများ မီးဘေးသတ မီးဘေးအသိရှိပြီး မီးကိုစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ရွှေဘိုစက်မှုဇုန်ရှိစက်ရုံ/ အလုပ်ရုံ/ သိုလှောင်ရုံများ အမှတ် (၁၀) ၊ အမှတ် (၃) ရပ်ကွက်နှင့် ခင်ဦးမြို့မြကန်သာရပ်ကွက်ရှိ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အဦများအားခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများပူးပေါင်း၍မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်၊အလုပ်ရုံ/သိုလှောင်ရုံအဆောက်အဦးများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့်မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန်၊စက်ရုံဝန်ထမ်းအနည်းဆုံး (၃၅) ဦးခန့်သီးသန့် မီးသတ်တပ်ဖွဲ့ဖွဲ့စည်းထားရန်၊ မီသတ်ရေလှောင်ကန်များထားရှိရန်၊ ခရိုင်/မြို့နယ်မီးသတ်ဖုန်းနံပါတ်များကိုမိတ္တူကူးချိတ်ဆွဲထားရှိရန်စသည့်တို့ကို အသိပညာပေးပြောကြားပြီးမီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် လက်တွေ့မီးငြိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ပြီး မီးဘေးဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ်စီမံချက်ရေးဆွဲထားရန်၊ ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)