ပြည် ဖေဖေါ်ဝါရီ ၉
ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့နယ် ပေါင်းတလည်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပေါင်းတလည်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ကျောင်းသား၊ ကျောင်းသူများအား ဝေငှပေးသည်။ ဆက်လက်ပြီး ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးကျော်လင်းစိုးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးသတိမူရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။
ယင်းနောက် သရုပ်ပြပွဲတွင် ပြည်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးသုံစွဲနည်း၊ အရေးပေါ်သဘာဝဘေးကျရောက်လာပါက ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီပြုလုပ်သုံးစွဲနည်း၊ ဒါဏ်ရာရလူနာများအား အဝတ်ပတ်တီးဖြင့် သယ်ဆောင်နည်း၊ လူနာအားဆောင်ပုခတ်ပြုလုပ်သယ်ဆောင်နည်း၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်နည်း၊ မီသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် လက်တွေသရုပ်ပြဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် ပြည်မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဖြူးကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာသူ၊ ကျေးရွာသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ တစ်အိမ်တက်ဆင်းမီးသုံးစွဲမှု အခြေအနေများကို စစ်ဆေးအသိပညာပေးခြင်းအပြင် မီးဘေးဖြစ်ပွားခဲ့ပါက အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပတ်များပါဝင်သည့် စတစ်ကာများ ကပ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုစိုး