လပွတ္တာ ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၆)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးဘေးလုံခြုံရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်နှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ် မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို စစ်ဆေးအကြံပြုလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များမီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေး ဟောပြောခြင်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)