စလင်းမြို့နယ်၌ ကျောင်းအခြေပြုသဘာဝဘေးအန္တရာယ်လျှော့ချရေး ပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရယ်လက်တွေ့သရုပ်ပြ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

စလင်း ဖေဖော်ဝါရီ  ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေး ပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ကျပင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌  ဖေဖော်ဝါရီ(၈)ရက် နံနက်(၉)နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး သဘာဝဘေးအန္တရယ်ကာကွယ်လျှော့ချရေး ပညာပေးဟောပြောပွဲတွင် စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစေလွင်ဦးက အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးဒဏ်များဖြစ်သည့် ငလျင်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့လာသည့်အခါများတွင် ထိခိုက်၊ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ဘေးအန္တရာယ်အမျိုးအစားများအလိုက် ကာကွယ်ရမည့်နည်းလမ်းများ ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို သိရှိစေဖို့ အရေးပေါ်ကာကွယ်သည့် နည်းလမ်းဖြစ်သည့် ဝပ်၊ ကာ၊ ကိုင်ပုံစံများနှင့် အန္တရာယ်များကိုရှောင်တိမ်းနိုင်သော နည်းလမ်းများ အန္တရာယ်ရှိသော အဆောက်အဦများမှ ဘေးလွတ်သောနေရာများ၌ အန္တရာယ်ကင်းစွာဖြင့်  ရှောင်တိမ်းတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကျယ်တဝင့် အသိပညာပေးလက်တွေ့သရုပ်ပြသခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကာ သိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၄၅)ဦး တက်ရောက်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးထံမှ သိရသည်။

(မောင်လွင်)စလင်း