မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ ရေစတင်ပေးဝေ

ငဖဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံဆည်မှ ၂၀၂၃ ခုနှစ် မိုးစပါးများရိတ်သိမ်းချိန် နိုဝင်ဘာလ ၂၈ ရက်နေ့မှစ၍ ရေပေးဝေမှုရပ်ဆိုင်းထားရာမှ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရန်နှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်မည့် မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော်ဖွင့်ပွဲအမှီ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ ဆည်ရေ (200 -ကုဗပေ/စက္ကန့်) စတင်ရေလွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲမဖွင့်မီ တည်းခိုဆောင်များဆောက်လုပ်ရန်နှင့် ရေအသုံးပြုနိုင်ရန်အတွက် ပန်းထိမ်းမန်းချောင်းရေကို ပေးလွှတ်ထားပြီး  ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ နွေစပါးစိုက်ပျိုးနိုင်ရန်နှင့်ဘုရားပွဲတော်အတွက် မန်းချောင်းတမံဆည်ရေ (200-ကုဗပေ/စက္ကန့်) လွှတ်ပေးနေပြီဖြစ်ရာ မန်းရွှေစက်တော်မန်းချောင်းတစ်လျှောက် ရေအနည်းငယ်တိုးလာမည်ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများနှင့် တည်းခိုဆောင်များ၊ အပန်းဖြေဆင်စခန်းများတွင် အဆင်ပြေစေရေးအတွက် ဘုရားပွဲတော်ကာလတစ်လျှောက် ဆည်ရေ (150 ကုဗပေ/စက္ကန့်) ကြား ပုံမှန်ရေပေးဝေသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆည်အတွင်း ရေဝင်ရောက်မှုများပြားပြီး ဆည်ရေအပြည့်အဝရရှိခဲ့သည့်အတွက် ရေလုံလောက်စွာပေးဝေသွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ  ဦးစီးအရာရှိ ဒေါ် စန်းမြင့်ကြည် ထံမှ သိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်သည် ငဖဲမြို့နယ်နှင့် မင်းဘူး (စကု) မြို့နယ်အတွင်းရှိ နွေ၊ မိုး၊ ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက်သာမက မန်းရွှေစက်တော်ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဘုရားဖူးပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး၊ အနားယူနိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက်ပါ ဘက်စုံအကျိုးပြုနေသော ဆည်တစ်ခုဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)