ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ (အ.ထ.က) ကျောင်း၌ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ကြွယ်ဝပြီး ကာယဉာဏ ဖွံ့ဖြိုးစေမည့် စာအုပ်စာစောင် ဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ဟောပြောပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း) က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ဝင်ရောက် လေ့လာ ဖတ်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )