မကွေး ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် မကွေး-နေပြည်တော်လမ်းမှ ဘုရားပြို(မ)-(တ) ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ လမ်းမုခ်ဦးရှေ့၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများ တက်ရောက် သည်။
ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်မုခ်ဦးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ယာယီမဏ္ဏပ်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် (၈.၉) ဘီလီယံခန့် အသုံးပြုပြီး လမ်းမိုင်ပေါင်း (၁၀၇) မိုင်ကျော်နဲ့ တံတားပေါင်း (၇၄) စင်း၊ ပေရှည်ပေါင်း (၃၃၅၉) ပေတို့ကို ဆောင်ရွက်ပေးနေပြီး လုပ်ငန်းအားလုံး ပြီးစီးပါက မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များအနေဖြင့် မိမိတို့၏ ထုတ်ကုန်သီးနှံများ သယ်ပို့ရောင်းချရာတွင် လုံခြုံလွယ်ကူ ချောမွေ့ကောင်းမွန်တဲ့ လမ်း၊ တံတားများကို အသုံးပြုသွား လာနိုင်မှာဖြစ်ကြောင်း၊ ယခုလို ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးမှုကြောင့် ကျေးရွာရှိ ဒေသခံပြည်သူများ၏ ထုတ်ကုန်သီးနှံများ သယ်ပို့ရောင်းချရာတွင် လွယ်ကူမြန်ဆန်စေပြီး လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေမှာ ဖြစ်သလို လမ်းအနီးဝန်းကျင်ရှိ ကျေးရွာ (၂) ရွာမှ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် စပါး၊ ပဲ၊ နှမ်းနှင့် နေကြာစသည့် သီးနှံထွက်ကုန် စုစုပေါင်း စိုက်ဧက (၂၁၀၀) ခန့်ကို မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်းကုန်ကျစရိတ် သက်သာစွာနဲ့ ပို့ဆောင်နိုင်မှာဖြစ်ကြောင်းနှင့် နိုင်ငံတော်က ယခုကဲ့သို့ ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ပေးခြင်းကို ဒေသခံကျေးလက်နေ ပြည်သူများကလည်း ရေရှည်တည်တံ့ခိုင်မြဲပြီး မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ကြီးဌာနမှ ကျေးလက်နေပြည်သူများအပေါ် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းမင်းလတ်က ကွန်ကရစ်လမ်းသစ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးမှုကြောင့် ဒေသခံပြည်သူတစ်ဦးက ကျေဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ် (၁/၅) မိုင်၊ အကျယ် (၁၂) ပေကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၃၄၉.၂၀၀) သန်းဖြင့် မကွေးအောင်မင်းကုမ္ပဏီမှ (၁/၂) မိုင်ကိုလည်းကောင်း၊ ပစ္စည်းတင်ဒါစနစ်ဖြင့် ကျေးလက်လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် (၀/၃) မိုင်ကိုလည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းသစ် ဖောက်လုပ်ပေးမှုကြောင့် ကျေးရွာနှစ်ရွာမှ လူဦးရေ (၁၆၁၄) ဦးတို့၏ လူမှုစီးပွား ဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာသည့်အပြင် မူလမြသလွန်ဘုရားသို့သွားသည့် လမ်းဖြစ်သည့်အတွက် ဘုရားဖူးလားပြည်သူများအတွက်လည်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)