ရွှေဘို နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ မည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အစု အဝေးလိုက် ကျန်ရှိနေသော မဲဆန္ဒရှင်များအား နောက်ဆက်တွဲမဲစာရင်းတွင် ထည့်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာမြအေးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်မင်းဦးက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အစုအဝေးလိုက် ကျန်ရှိသော မဲဆန္ဒရှင်များ နောက်ဆက်တွဲ စာရင်းတွင် ထည့်သွင်းနိုင်ရေး စိစစ်ပေးနိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ခရိုင်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၏ သဘောထားရယူခဲ့ပြီး ဆွေးနွေးတင်ပြစရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေး တင်ပြရန် ပြောကြားခဲ့သည်။
အစုအဝေးလိုက် မဲဆ္ဒရှင်များမှာ ရွှေဘိုမြို့နယ် မှ ၁၃၅၇ ဦး၊ ဝက်လက်မြို့နယ် ၅၄၇ ဦး၊ ခင်ဦး မြို့နယ် ၁၉၃ ဦး၊ ဒီပဲယင်းမြို့နယ် ၄၂၈ ဦး၊ ရေဦးမြို့နယ် ၆၇ ဦးနှင့် တန့်ဆည်မြို့နယ် ၁၀၃ ဦး စုစုပေါင်း ၂၆၉၅ ဦးကို နောက်ဆက်တွဲစာရင်း တွင် ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ကော်မရှင်အရာရှိမှ မိမိတို့တာဝန်ကျ မြို့နယ်များသို့ ကွင်းဆင်းကြီးကြပ်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)