ဘားအံ ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းကတ္တရာလမ်းနှင့် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းပိုင်းမုခ်ဦးများ တည်နေရာ၌ ကျင်းပသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်လမ်းဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ၂၃၂၀ ဒဿမ ၈၄၃ သန်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ၃၄၈၇ ဒဿမ ၉၈ သန်းဖြင့် မိုင်အားဖြင့် ၇ မိုင် ၂ ဖာလုံအား (၁၂)ပေအကျယ်မှ (၁၈)ပေအကျယ် ကတ္တရာချဲ့ ဆောင်ရွက်ပြီးစီးသော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း ကတ္တရာလမ်းဖွင့်ပွဲကို အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သည့်လမ်းသည် မိုင်အားဖြင့် ၅၆ မိုင် ၆ ဖာလုံ အရှည်ရှိပြီး ဘဏ္ဍာနှစ်အလိုက်အဆင့်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်လာခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်တွင်လည်း လမ်းပန်းဆက်သွယ် ရေးပိုမိုကောင်းမွန်လာစေရေးအတွက် အဓိကလိုအပ်သည့် လမ်း/တံတားလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အကုန်အကျခံဆောင်ရွက်ပေးထားသည့် လမ်း/တံတားများ တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လမ်းဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက လမ်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဆိုပါလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၃၃ ဒဿမ ၁၂၄ သန်းဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သော ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ထန်းတပင်လမ်းဆုံမှ ပိုင်ကျုံမြို့ အမှတ်(၅) ရပ်ကွက်လမ်းသည် စုစုပေါင်းလမ်းအရှည်(၃)မိုင်(၇)ဖာလုံရှိပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းအရှည်(၁)မိုင်အား(၁)ပေ အကျယ်ချဲ့ခြင်းနှင့် (၁၂)ပေ အကျယ်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအဖြစ်လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ လမ်းအရှည်(၁)မိုင်(၂)ဖာလုံ အား(၁၈)ပေအကျယ် ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ရန်လျာထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ကျေးလက်နှင့်မြို့ပြအချိုးညီစွာဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာနိုင်ကာ အမျိုးသားပို့ဆောင်ရေပင်မစီမံကိန်းအား အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ပိုင်ကျုံမြိုနယ်၊ ထန်းတပင်ပြည်တော်သာကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)