မြဝတီ ဖေဖော်ဝါရီ ၉
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘက်စုံစွမ်းရည်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ City Home ခန်းမ၌ ကျင်းပသည်။
ဦးစွာ အ.ထ.က(၁) ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း” တေးသီချင်းနှင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မမေစနိုးက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက နိုင်ငံတစ်နိုင်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် ပညာရေးသည် အဓိကမဏ္ဍိုင်ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများ ဘက်စုံစွမ်းရည်ထူးချွန်ထက်မြက်စေရန် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်များတွင် ဘက်စုံစွမ်းရည်ထူးချွန်ဆုရရှိခဲ့သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများအားခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း နာယက ဦးစောမုတ်သုန်၊ အမှတ်(၂၇၅)တပ်ရင်းမှူးဗိုလ်မှူး ဇော်ဟံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)