ရေတာရှည်မြို့နယ်လျှပ်စစ်ရုံးတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ရေတာရှည် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင် မြိုနယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်တို့ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်းသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်လျှပ်စစ်ရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်က မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွား၊ မပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး‌‌အတွက် လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးလုံခြုံရေးအသိသတိဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ မီးချိတ်၊ မီးကပ်၊‌‌ ရေပုံး၊ သဲပုံးနှင့်မီးသတ်ဆေးဘူးများစသည့် ကနဦးမီးငြှိမ်းသတ်ရေးပစ္စည်းများအား ဆောင်ရွက်ထားရှိစေရန်နှင့် မီး‌‌လောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီသတင်းပေးပို့ကြရန် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မီးမီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာ၌အသုံးပြုနည်းနှင့်ပတ်သက်၍အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မီးသတ်ဆေးဘူးကိုအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်ရာတွင် ရေစိုအဝတ်ဖြင့်ဖုံးအုပ်ငြှိမ်းသတ်နည်း၊ gas မီးဖိုများ မတော်တဆမီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ငြှိမ်းသတ်နည်းများနှင့် မီးသတ်ယာဉ်များဖြင့် မီးသတ်နည်းများကို မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများအား လက်တွေ့သရုပ်ပြသ လေ့ကျင့်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)