ပေါက်ခေါင်း ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "ပထမ မင်္ဂလာ"စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "ပထမ မင်္ဂလာ" စာအုပ်မှ ခေါင်းစဉ်ခွဲများဖြစ်သည့် ပထမမင်္ဂလာ၊ ပညာနှင့်တူသောအလင်းရောင်၊ တာဝန်သိစိတ် တာဝန်မဲ့မှု၊ ရည်မှန်းချက်ထား အမြဲကြိုးစား စသည့်အကြောင်းအရာများကို(Book Club) အဖွဲ့ဝင်ကဗျာဆရာမ မလေးချို(ပေါင်းတည်)၊ စာပေဝါသနာရှင်ဦးတင်ဝင်း၊ အဖွဲ့ဝင်ဦးဝင်နိုင်၊ Youth Club အဖွဲ့ဝင် မောင်ဝေယံအောင်တို့က အသီးသီးဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ရာ၊(Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)