ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား သီတင်းကျွတ် အခါသမယ ပူဇော်ကန်တော့ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါ နန်းတော်ကျွန်း ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
သီတင်းကျွတ်အခါသမယ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ထိုင်းနိုင်ငံ မဲဆောက်မြို့နေ အလှူရှင် ဒေါ်သန်းသန်းအေး မိသားစုက ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း သက်ကြီး ဘိုးဘွားများ အတွက် ကျန်းမာသက်ရှည်စွာ နေထိုင်သွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရကာ အလှူရှင်မိသားစုက နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွား (၈၃)ဦး အား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ၊ စုစုပေါင်း ငွေကျပ် ၈၃၀၀၀၀ အား ပူဇော်ကန်တော့ခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများ အား ပူဇော်ကန်တော့ရာတွင် လိုအပ်သည်များကို ကျေးရွာရှိ မေတ္တာရင်ခွင်ပရဟိတအကျိုးဆောင်လူငယ်များအဖွဲ့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူ ကိုမိုးနန်းဝေ ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )