လှိုင်းဘွဲ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထီလုံ-တာပေါင်-ပတ-ကော့ကရိတ်(တံတားကျိုး)လမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီ ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီ ဦးစောမြင့်ဦး၊ KNU/KNLA/PCဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောထော့လေ့၊ နယ်ခြားစောင့်တပ်၊ ဗဟိုလုံခြုံရေးကွပ်ကဲမှုအဖွဲ့၊ တပ်နယ်(၂)၊ တပ်ဖွဲ့မှူး၊ ဗိုလ်မှူးကြီး စောကြာအင်း၊ KNU တပ်မဟာ(၇) ဖဒိုအောင်မော်ဧနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ ဖျော်ဖြေရေးဒုံးယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် အဆိုပါလမ်းအား ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွင်း လမ်း၊ တံတား တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘဝများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အစစအရာရာ မြင့်မားတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးသည် အဓိကအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ လမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဒေသခံတစ်ဦး ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းနှင့် လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ထီလုံ-တာပေါင်-ပတ-ကော့ကရိတ်(တံတားကျိုး)လမ်း ကတ္တရာလမ်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် (၂၃၂၀.၈၄၃)သန်း၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် (၃၄၈၇.၉၈)သန်းဖြင့် လမ်းအရှည် (၇မိုင်၊၂ဖာလုံ)အား အကျယ်(၁၂)ပေမှ(၁၈)ပေသို့ ကတ္တရာ လမ်းချဲ့ခြင်းတို့ကို ဒေါနအလင်းတန်းကုမ္ပဏီနှင့် ဝေဇယံကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)