သနပ်ပင် ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ သူဌေးကုန်းကျေးရွာ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ညိုပြာက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီအရာရှိဒေါ်ညိုပြာနှင့်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်စာအုပ်များဖြင့် ပုံပြင်များပြောပြခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)