ပဲခူး ဖေဖော်ဝါရီ ၉
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပဲခူးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးမြို့နယ်စာရေးဆရာမ ဒေါ်နွယ်နီဝင်း(မေတ္တာမိုးနှင်း-ပဲခူး)က ပြည်ထောင်စု၏အဓိပ္ပာယ်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို တက်ရောက်လာသည့် ကျောင်းသား/သူလေးများအား အသိပညာဗဟုသုတတိုးပွားစေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲသို့ မြို့တွင်းကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)