(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက် ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

လှိုင်းဘွဲ ဖေဖော်ဝါရီ ၉

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထန်းတပင်လမ်းဆုံ-ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက် ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ကကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီ ဦးစောမြင့်ဦး၊ KNU/KNLA/PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော့လေ့၊ နယ်ခြားစောင့်တပ်၊ ဗဟိုလုံခြုံရေးကွပ်ကဲမှုအဖွဲ့၊ တပ်နယ်(၂)၊ တပ်ဖွဲ့မှူး၊ ဗိုလ်မှူးကြီး စောကြာအင်း၊ KNU တပ်မဟာ(၇) ဖဒိုအောင်မော်ဧနှင့်ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ ဖျော်ဖြေရေး ဒုံးယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် အဆိုပါလမ်းအား ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလမ်းကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၃၃၃.၁၂၄)သန်းဖြင့် ထန်းတပင်လမ်းဆုံမှ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်အထိ  လမ်းအရှည် (၁)မိုင်အား အကျယ်(၃)ပေ တိုးချဲ့ခြင်းနှင့် အကျယ်(၁၂)ပေ ကတ္တရာထပ်ပိုးလွှာခင်းခြင်းတို့ကို လှိုင်းဘွဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာ(၁၅၃)ရွာ၊ အိမ်ခြေ(၁၁၅၇၇)အိမ်နှင့် လူဦးရေ(၇၁၇၆၅)တို့အတွက် အကျိုးပြုသွားလာနိုင် မည်ဖြစ်ကြောင်း  သိရသည်။

လင်းသန့်(ပြန်/ဆက်)