ဖြူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်ဆောင်းသီးနှံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုဖြင့် ဝင်ငွေတိုး

ဖြူး ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ ဖြူးချောင်းဘေးတွင်ရှိသော ကျွန်းကုန်းကျေးရွာ၌ စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်ဆောင်းသီးနှံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုမှာ ဖြစ်ထွန်းမှုရှိပြီး စျေးကွက်ရှိခြင်းကြောင့် ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

ဟင်းသီးဟင်းရွက်စိုက်ပျိုးသူကိုကျော်ကျော်စိုးက "ကျွန်တော်တို့ဆီမှာ မြေလည်းကောင်းတယ်၊ လယ်ယာရိတ်သိမ်းပြီးချိန်မှာ မိသားစုဝင်ငွေအတွက် တစ်ပိုင်တစ်နိုင် ဆောင်းဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ရွာမှာကတော့ အိမ်ခြံ ဝင်းမြေကွက်လပ်တွေမှာရယ်၊ နောက်ဖြူးချောင်းကမ်းအထက်တွေမှာရယ် တစ်ရွာလုံးတော်တော် များများစိုက်ပျိုးကြပါတယ်၊ အိမ်ခြံဝင်းမြေကွက်လပ်မှာ စိုက်တာကတော့ အဓိကမိသားစုစားဖို့ပေါ့ ဝယ်မစားရဘူးလေ ပိုလျှံမှရောင်းကြတယ်။ စီးပွားဖြစ်ရောင်းတန်းဝင်စိုက်ပျိုးတာကတော့ အခင်းကျယ်ကျယ်နဲ့ အများအပြားစိုက်တာမို့ ချောင်းကမ်းဘေးကိုင်းကျွန်းအတွင်း စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးတာကတော့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ရုံးပတီသီး၊ ခရမ်းသီး၊ခရမ်းချဥ်၊ ငရုပ်သီး၊ စလပ်ရွက်၊ မုန်ညင်းဖူး၊ ဂေါ်ဖီထုပ်၊ ပန်းထုပ်၊ မုန်လာဥ၊ ရွှေဖယုံ၊ ကျောက်ဖရုံ၊ ဗူးသီးစတာတွေပေါ့စိုက်ပါတယ်။ ရောင်းရတာကတော့ ဖောက်သည်တွေလာယူကြပြီး သူတို့ကတစ်ဆင့် ဖြူးစျေး၊ ကညွတ်ကွင်းစျေး၊ ဇေယျဝတီစျေး၊ အိမ်ဆိုင်တွေမှာ ပြန်သွင်းကြတာ၊ ကိုယ်တိုင်ရောင်းချလိုသူတွေကလည်း လာယူကြတာ ရှိပါတယ်" ဟု ပြောသည်။

အဆိုပါကျွန်းကုန်းကျေးရွာတွင် မိုးကာလမှာ ဖြူးချောင်းရေမြင့်တက်လာပြီး နုံးတင်ကျန်ခဲ့သည့် ကိုင်းကျွန်းမြေအထက်ပိုင်း စိုက်ပျိုးမြေကောင်းမွန်သည့်နေရာများတွင် စိုက်ပျိုးခြင်းကြောင့် ဖြစ်ထွန်းမှုရှိပြီး ဝင်ငွေတိုး၍ ရာသီအလိုက်ထွက်သည့်စားဖိုဆောင် ဟင်းသီး၊ ဟင်းရွက်ဆောင်းသီးနှံများ ဖြူးဒေသအတွင်း အထောက်အကူဖြစ်စေသော စိုက်ပျိုးမှုတစ်ခုဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)