ပဲခူး ဖေဖော်ဝါရီ ၉
ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှာ ပညာသင်ကြားနေတဲ့ကျောင်းသား/သူများ ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံစေဖို့အတွက် လိုက်နာကျင့်သုံးရမည့်နည်းလမ်းတွေကို သိရှိစေရန်အတွက်ဟောပြောပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာများသာမက ဗဟုသုတရရှိစေမည့်စာတွေကိုရွေးချယ်ဖတ်ခြင်း၊ ကိုယ်ကာယကျန်းမာစေဖို့အတွက် အားကစားများပြုလုပ်ခြင်း၊ အစားအစာတွေစားသည့်အခါမှာလည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများရွေးချယ်စားသောက်ခြင်း၊ လူမိုက်တွေနှင့်မပေါင်းဘဲ အကြံကောင်းဥာဏ်ကောင်းပေးနိုင်သည့် လူလိမ္မာသူတော်ကောင်းများနှင့် ပေါင်းသင်းခြင်းစတာတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ဗလငါးတန်နှင့်ပြည့်စုံသည့် အတွေးအခေါ်မြင့်မားသည့် ခေါင်းဆောင်ကောင်းများဖြစ်လာမှာဖြစ်ကြောင်း၊ လူငယ်ဟူသည် အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းကိုခေါ်ဆိုပြီး ပင်ကိုအားဖြင့် လူငယ်များသည် အရည်အချင်းအစွမ်းအစရှိကြသူတွေဖြစ်ကြောင်း၊ လူငယ်များ၏ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် စာသင်ကျောင်းများကစတင်ရမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရေးအတွက် စိတ်ဓာတ်ခွန်အားတွေ ထည့်ပေးလိုက်မည့်ပွဲတစ်ပွဲဖြစ်သည်နှင့်အညီ ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများကိုယ်တိုင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်လုပ်ဆောင်အားဖြည့်ကြရန် စကားပြောကြားသည်။
ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ)ဆရာကြီးဦးခင်အောင်ရီက "ဗလငါးတန်နှင့်ပြည့်စုံသောကျောင်းသားလူငယ်များဖြစ်စေရေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်သန္တာက "ကလေးများရဲ့ဖွံ့ဖြိုးမှု"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားမှူးဒေါ်သန္တာဝင်းက "လူငယ်ဘဝ"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးဒေါ်မေသန်းနိုင်က "အစားအသောက်ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု"ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။
ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်မှ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် အသိပညာပေးဟောပြောပို့ချပေးသည့် ဌာနဆိုင်ရာအကြီးအကဲများအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆုသီရိအေးက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် အလှူငွေကျပ်(၁)သိန်းအား စာကြည့်တိုက်မှူးထံပေးအပ်လှူဒါန်းကာ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးတိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)