ရွှေဘို နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွာသာကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာရှိ စာသင်ကျောင်းခန်းမတွင် တွေ့ဆုံခဲ့သည်။
ထို့နောက် လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍမှ ကျပ်သိန်း(၁၅၀)၊ ရွာမှ ထည့်ဝင်ငွေ ကျပ်သိန်း(၁၀၀) ကျော်တို့ဖြင့် ကွန်ကရစ်လမ်းပေအရှည်(၂၁၀၀)၊ အကျယ်(၁၂)ပေ၊ အမြင့် (၉)လက်မ ကို ရွာလုပ်အားဖြင့် ဆောင်ရွက်ထားရှိသော ကွန်ကရစ်လမ်းနှင့် ဝင်ငွေတိုးပွားရေးကဏ္ဍမှ လူသုံးကုန်ပစ္စည်းများ၊ စာသောက်ကုန် ပစ္စည်းများ ပြုလုပ်နည်းများကို သင်တန်းပို့ချ၍ ယခုအခါ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးလျက် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ စီမံကိန်းကို ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကျပ်သိန်း(၃၀၀)နှင့် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ကျေးရွာအဖြစ် ရွာသာကျေးရွာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုကျပ်သိန်း (၃၀၀)ဖြင့် လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေးကဏ္ဍအတွက်(၅၀)ရာခိုင်နှုန်းကိုလည်းကောင်း၊ ဝင်ငွေတိုးပွားရေး ကဏ္ဍ အတွက်(၄၀)ရာခိုင်နှုန်းကိုလည်းကောင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍအတွက် (၁၀)ရာခိုင်နှုန်းကို လည်ကောင်း အသီးသီး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း မှပြောကြားခဲ့သည်။
ထွန်းမြင့်အောင်(ရွှေဘို)