ပလောက် နိုဝင်ဘာလ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ၌ ဖြစ်ပွား ခဲ့သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီကကျောက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး ကျောက်တောင် ဆရာတော်ဘုရားကြီးထံမှ ငါးပါး သီလ ခံယူတည်ဆောက်၍ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အဖွင့်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြုံးချိုက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပ မြို့နယ်၊ ဇမ္ဗူအေးကျောင်းတိုက်၊ သီရိမင်္ဂလာမွန် ကျောင်း မှကျောက်တောင်ကျေးရွာသို့ သီတင်းသုံးနေထိုင်ရန် ရောက်ရှိလာသော ရဟန်း သံဃာတော်များထံတွင် တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ရောဂါအား အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန် ရှိသူများ၊ ပရဟိတအသင်းအဖွဲ့နှင့် စေတနာရှင် အလှူရှင်များဖြင့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးမှ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ကျောက်တောင် ဆရာတော် ဘုရားကြီးက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ပြီး စာချသံဃာတော် အရှင်ပညာနန္ဒမှ ဝမ်းမြောက်အနုမောဒနာစကား ပြန်လည် ပြောကြားကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်