ချောင်းဦး နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်း မပျောက်မတည် လည်ပတ် ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေး နှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ချောင်းဦး မြို့နယ် မိုင်တဲကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်(၅၀၂.၁)သိန်းကို ယနေ့ နံနက်(၉)နာရီ အချိန် က မိုင်တဲကျေးရွာ စာကြည့်တိုက်အတွင်းတွင် ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ် ချေး ပေးခဲ့ကြောင်းသိရသည်။
မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် (၅၀၂.၁) သိန်းကို ကျေးရွာမြစိမ်းရောင် ကော်မတီအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ကော်မတီအဖွဲ့မှ လက်ခံရယူခဲ့ပြီး မြစိမ်းရောင် အသင်းသူ/ သား(၁၄၂)ဦးအား လက်ဝယ်အရောက် ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
မိုင်တဲကျေးရွာ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်း (၆)ကြိမ်မြောက်အတွက် စိုက်ပျိုးရေး လုပ်ငန်း(၆၇)ဦး ငွေကျပ်(၂၆၈၂၀၀၀၀/-)၊ မွေးမြူရေး လုပ်ငန်း (၇၅) ဦးအတွက် ငွေကျပ် (၂၃၃၉၀၀၀၀/-)၊ စုစုပေါင်း(၁၄၂)ဦးအား ချေးငွေကျပ် (၅၀၂.၁)သိန်းကို ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး၊ အတိုးနှုန်း အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြား(၅၀)နှုန်းသာ ကောက်ခံရန် ဦးစီးဌာနမှ ဖြေလျှော့ပေးခဲ့ပါကြောင်း၊ (၃)လတစ်ကြိမ် အတိုးပေးဆပ်ရန်၊ အရင်းဆပ်ကာလကို(၁)နှစ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်းနှင့် မိုင်တဲကျေးရွာအနေဖြင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း အတိုးရငွေမှ(၉၅)သိန်း၊ ပြည်သူထည့်ဝင်ငွေ (၄၃.၆)သိန်းတို့ဖြင့် ကျေးရွာ ဖွံ့ဖြိုး ရေးလုပ်ငန်းအဖြစ် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းထံမှ သိရသည်။
မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာသို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ ငါးယှန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်း၊ မိုင်တဲကျေးရွာ မြစိမ်းရောင်ကော်မတီ အဖွဲ့ဝင်များ နှင့် မြစိမ်းရောင်အသင်းသူ/သား(၁၄၂)ဦး တို့က ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တက်ရောက်ခဲ့ကြေင်း သိရသည်။
အိအိအောင်(ချောင်းဦး)