ကျောင်းကုန်း ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှငါးထုတ်လုပ်မှု ပိုမိုတိုးတက်လာစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ အထောက်အကူပြုစေရန်ရည်ရွယ်၍ (ဒါးကမြစ်)ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ၈း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးမင်းနှင့်ဝန် ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဂရန်အင်းများအတွင်းသို့ ပုသိမ်ခရိုင်ငါးလုပ်ငန်းစခန်းမှ (၂) လက်မအရွယ်ငါးမြစ်ချင်း ငါးသားပေါက်ကောင် ရေ (၁) သိန်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၅) သောင်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁) သိန်း (၅) သောင်းအား (ဒါးကမြစ်) ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)