ပခုက္ကူ ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ် (၁၉၀) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးနှင့် ဝန်ထမ်းများက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့် အချက်အလက်များအကြောင်းတို့ကို ကွင်းဆင်း ဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသည့် အမှတ်(၁၉၀)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား စားသုံးသူရေးရာဆိုင်ရာဟောပြောမှုများအပေါ် နားလည်နိုင်မှုစွမ်းရည်အခြေအနေများ မေးမြန်းပြီး ဆုချီးမြှင့်ခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)