ဆင်ပေါင်ဝဲမြို့နယ် ပညာရေးမှူးရုံးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးရုံး၌ မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်းက မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သော အကြောင်းအရာများ၊ မီးဘေးအန္တရာယ်အကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများအား အသိပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား လဲလှယ်အသုံးပြုနိုင်ရေး၊ Auto Breaker တပ်ဆင်အသုံးပြုခြင်းများကို စစ်ဆေးအကြံပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများအား လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)