ငွေဆောင် ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ မြို့အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲမှုရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀း၀၀) နာရီက မီးသုံးစွဲမှုများပြားရာ ဟိုတယ်များ၊ တည်းခိုဆောင်များ၏ မီးသုံးစွဲမှုအခြေအနေများအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မီးသတ်ဦးစီးဌာန၊ တပ်ကြပ်ကြီးရင်မင်းစိုးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြား မှူးဦးစီးဌာနတို့ပူးပေါင်းကာဟိုတယ်များ၏ မီးသုံးစွဲမှုအခြေအနေနှင့် မီးစနစ်တကျသုံးစွဲမှုရှိမရှိ လိုက်လံစစ်ဆေးကာ မီးမလောင်ခင်၊ မီးလောင်နေ စဥ်နှင့်မီးလောင်ပြီးလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့အတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့်မီးဘေးလုံခြုံရေးအတွက်မီးစနစ်တကျသုံးစွဲမှုရှိမရှိကွင်းဆင်းမှုအနေဖြင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနလက်အောက်ရှိ ဟိုတယ်၊ တည်းခိုရိပ်သာ (၂၀) လုံး စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)