ကလေး ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)တွင် ဆိုလာဖြင့်ဘတ်ထရီအိုး အားသွင်းရာမှ အပူလွန်ကဲပေါက်ကွဲသောကြောင့် ယမန်နေ့နံနက် (၁၁) နာရီ ၁၅ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်းကျွမ်းရာသို့ ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘိုဘိုဝင်းတို့ ဦးဆောင်သည့် စုစုပေါင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂+၁၃)ဦးတို့သည် မီးသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် မီးလောင်ပြင်နေရာသို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၁)နာရီ ၃၀မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းမှာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၉)တွင် အိမ်ငှားနေထိုင်သည့် ဒေါ်မြင့်မြင့်ဌေး(ခ) အကြီးမသည် ဆိုလာဖြင့် ဘတ်ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပေါက်ကွဲပြီး အိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းရာ နေအိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့သည်။ ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုးမှာ (၁၅၃၇၅၀၀) ကျပ်ခန့်ရှိပြီး အဆိုပါမီးလောင်ကျွမ်းမှုတွင် တာဝန်ရှိသူများကို မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)