မင်းဘူး ဖေဖော်ဝါရီ ၈
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာဆောင်ရွက်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၉ နာရီက မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပွင့်လင်းရာသီကာလတွင် ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်နေမှုများ၊ မီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မီးဘေး အန္တရာယ်ကြုံတွေ့ပါက စနစ်တကျ မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများ စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောသည်။ ဆက်လက်၍ မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်က မီးဘေးလုံခြုံရေးအတွက် အသိပညာပေးလုပ်ငန်း လာရောက်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်သတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရုံးဝန်ထမ်းများနှင့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုသင်တန်းမှ သင်တန်းသားများကို မီးဘေးဖြစ်ပွားပါက မီးသတ်ဆေးဘူး၊ ရေစိုဝတ်အစရှိသည့် အရေးပေါ် မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပူးပေါင်းပါဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြပွဲသို့ မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဝန်ထမ်းများ၊ သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)