မြန်မာ့သနပ်ခါးသည် မြန်မာတို့အတွက် ဆယ့်နှစ်လရာသီပွဲတော်အဖြစ် လည်းကောင်း၊ အလှအပ ရေးရာအဖြစ်လည်းကောင်း၊ မြန်မာတို့ရဲ့ သက်စောင့်ဆေးဖက်ဝင်အဖြစ်လည်းကောင်း သုံးစွဲခဲ့ ကြောင်း မြန်မာ့တိုင်းရင်း ဆေးသမားတော်များ၏ ဆေးညွှန်းများ၊ ဆေးကျမ်းများတွင် အထင်အရှား တွေ့နိုင်သည်။ သနပ်ခါးကို မြန်မာ့သယံဇာတစစ်စစ်အနေဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ တောသူတောင်သားများ ကောက်စိုက်၊ စပါးရိတ် အဆုံး သနပ်ခါးကို မျက်နှာတွင်လည်းကောင်း၊ လက်မောင်းများနှင့် လည်ပင်းတို့တွင် လည်းကောင်း နေရောင်ခံအဖြစ် အသုံးပြုကာ လက်မလွှတ် နိုင်ခဲ့ကြပေ။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းဖွယ်ရာ သင်းပျံ့သောရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ အသားအရေကို ချောမွတ်စေခြင်း၊ သနပ်ခါးလိမ်းကျံသူအား လှပစေခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံ သည့်အတွက် သနပ်ခါးကို အမြဲတစေ လိမ်းကျံ ခြင်းဖြင့် အသားအရေစိုပြေဝင်းဖန့်၍နေလျှင် "သနပ်ခါးသား ရသည်" ဟု အမျိုးသမီးများဆိုလေ့ ရှိကြပေသည်။
မြန်မာ့သနပ်ခါးကို ရှေးအခါကစပြီး ကလေးကအစ လူကြီးအဆုံး အရွယ်သုံးပါးစလုံးက သနပ်ခါးကို မြတ်နိုးစွာလိမ်းခြယ် အသုံးပြုခဲ့ကြသည့်အပြင် မိဘတို့သည် သနပ်ခါးအနှစ်ကို ကလေးငယ်များ အတွက် ဆေးအဖြစ် တိုက်ကျွေးခဲ့ကြသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်ကို အခိုးပွင့်စေ ခြင်း၊ အအေးပတ်ခြင်းကို ကင်းဝေစေနိုင်သည်ဟု ယုံကြည်ကြသည်။
သနပ်ခါးအရည်အသွေး
စိုက်ပျိုးသူများ၏ ပြောကြားချက်အရ သနပ်ခါးပင်စည်၏ အခေါက်အပွေးကို ကြည့်၍ သနပ်ခါး အရည်အသွေးသတ်မှတ်ကာ ဈေးကောင်းရသည်ဟု ဆိုကြသည်။ အခေါက်နှင့် အခေါက်ကြား နီညိုရောင် (ရှားရောင်) ရှိသော အပွေးကို "ရှားပွေး" ဟုဆိုကြသည်။ အနံ့မွှေးကိုင်ထုံသင်းမှုပိုပြီး ပထမတန်းစား သနပ်ခါး ဟုခေါ်ကြသည်။ အခေါက်နှင့် အခေါက်ကြား ဝါဖျော့ဖျော့အရောင် (ဥသျှစ်သီးခွံအရောင်) ရှိသော အပွေးကို "ဥသျှစ်ပွေး" ဟုဆိုကြသည်။ အနံ့မွှေးသော်လည်း ရှားပွေး ကဲ့သို့ မွှေးကြိုင်မှု လျော့သည်အတွက် ဒုတိယတန်းစား သနပ်ခါးဟု ခေါ်ကြသည်။ အခေါက်နှင့် အခေါက်ကြား အမည်းရောင် (သီးခေါက်အရောင်) ရှိသော အပွေးကို "သီးပွေး" ဟုဆိုကြသည်။ အနံ့ရှိသည်ဟု သာပြောနိုင်ရုံရှိပြီး အခေါက်ထူး သနပ်ခါးဖြစ်သည့်အတွက် တတိယတန်းစား သနပ်ခါး ဟုခေါ်ကြသည်။ သီးပွေးသနပ်ခါးကို အရည်အခဲများပြုလုပ်ကြသည်။
သနပ်ခါးအတုပင်များ
သနပ်ခါးတွင် အစစ်ကို အသုံးပြုလျှင် ဆေးဖြစ်သကဲ့သို့ အတုကို အသုံးပြုမိလျှင် ဘေးဖြစ်တတ် သည်။ အချို့သော အတုများမှာ ဘေးမဖြစ်စေတတ်သော်လည်း ဆေးတော့အဖြစ်နိုင်ကြပါ။ သနပ်ခါး အတုနှင့် အစစ်ကို သေချာခွဲခြားသိတတ်ရန် အထူးလိုအပ်လှသည်။
အပွေးကိုမြင်
အပင်ကို မယ်မသိတာကြောင့်
ဝယ်မိတာမှား
မြကျောက်ပြင် တင်ကာသွေးကာမှ
မွှေးနံ့သာ သူမထွက်တယ်
အောင်မလေး သီးခေါက်နဲ့ညား
(အမည်မသိ စာဆို)
သနပ်ခါးဝယ်တော့မည်ဆိုလျှင် သနပ်ခါးနှင့် မှားယွင်းလေ့ရှိသော အပင်တို့မှာ သစ်ပလွေသား၊ ခေါက်ရှာသား၊ ထနောင်သားနှင့် ဆူးဖြူသား၊ သီးသားတို့နှင့် မှားနိုင်ကြောင်းကို-
“သစ်ပလွေနှင့် ခေါက်ရှာ၊
ထနောင်းဝါ ဆူးဖြူခေါက်အကြား၊
ရှာစေးကို အရည်ဖျော်လို့၊
စုတ်တံမော်ဆွဲကာထားပြီး၊
ဈေးကွက်တင် တွင်တွင်ရောင်းတဲ့
အကောင်းစား သနပ်ခါး” ဟု စာချိုးဖြင့် သနပ်အတုအကြောင်းကို ရေးသားထားသည်။
ကဗျာပါ အသားတို့၏ အခေါက်ကြားတွင် ရှားစေအရည်ဖျော်၍ စုတ်တံဖြင့် ဆွဲထားကာ အတုပြုလုပ် ပြီး အကောင်းစား သနပ်ခါးဟု ပြောဆိုရောင်းချကြကြောင်း သိရသည်။ အနံ့သည် အပင်၏ ပင်ကိုယ် ဇာတိကို ဖော်ပြလေ့ရှိသောကြောင့် အခေါက်ကို ဖဲ့၍ ဆိပ်၍ အနံ့ခံကြည့်ရုံဖြင့် မြန်မာ့သနပ်ခါး စစ်၊ မစစ်ကို သိရှိနိုင်မည်ဖြစ်သည်။
မြန်မာ့ရိုးရာသနပ်ခါးသမိုင်း
မြန်မာ့ရိုးရာသနပ်ခါးသည် "သနခါ" ဟူသော စကားမှဆင်းသက်လာကြောင်း သိရသည်။ "သန" ဆိုသည်မှာ မသန့်ရှင်းသော၊ ယုတ်ညံ့သော "ခါ" ဆိုသည်မှာ စွန့်ထုတ်ခြင်း ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် "သနခါ" ဟူသည် မသန့်ရှင်းသော ယုတ်ညံ့သည်များကို စွန့်ထုတ်ပေးသောအရာပင် ဖြစ်သည်။ သနခါ မှ ကာလရွေ့လျားလာပြီး သနပ်ခါးဟု ပြောင်းလဲလာခြင်းဖြစ်သည်။ သနပ်ခါးသည် မြန်မာ့နံ့သာ (၁၀) မျိုးတွင် အခေါက်နံ့သာ တစ်မျိုးဖြစ်သည်။
သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့သည် အေဒီ ၁၁ ရာစု ပုဂံကတည်းက စတင်ခဲ့ကြောင်း ပုဂံရှိ နံရံဆေးရေးပန်းချီကားများတွင် ကျောက်ပျဉ်နှင့် အလှဆင်နေသော မိန်မပျိုပုံများကို တွေ့ရ သောကြောင့် ပုဂံခေတ်တွင်လည်း မြန်မာမိန်မပျိုတို့သည် သနပ်ခါး လိမ်ခြယ်ကြကြောင်း သိနိုင် သည်။ သက္ကရာဇ် (၇၄၅) ခုနှစ် ရာဇာဓိရာဇ်မင်းသည် ဗညားနွဲ့မင်းသားဘဝဖြင့် ဒဂုန်သို့ချီတက်ရာ တွင် ကြင်ယာတော်ထံ ရေးသားပေးပို့သည့် အိုင်ချင်း၌ "သနပ်ခါးကျောက်ပြားပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံ့သာအပေါ်ကျဲတတ်တယ်" ဟုပါရှိသည်။ မြိုင်မြို့နယ်တွင် သနပ်ခါးနှင့်ပတ်သက်သည့် ပါးစပ်ရာဇဝင်အရ အလောင်းစည်သူမင်းကြီး ဖောင်စင်္ကြာဖြင့် တိုင်းခန်း လှည့်လည်လာစဉ် ပခန်းအရောက်တွင် တည်ရှိသည့် ရှင်မတောင်အရောက် မိဖုရားအသုံးပြုသော သနပ်ခါးအစ် တိမ်းမှောက်ရာ လိမ်းပြီးကျန်ရစ်သည့် သနပ်ခါး အရည်များ ဖိတ်စင်ကျကျန်ခဲ့သည်။ ထိုဖိတ်ကျန်ခဲ့သော သနပ်ခါးအရည်များကြောင့် ရှင်မတောင်တွင် ပေါက်ရောက်နေသော သနပ် ခါးပင်များ မွှေးကြိုင်ထုံသင်းကြသည်ဟု မှတ်သားရသည်။ ရွှေဘိုမြို့နန်းတည် တတိယမြန်မာနိုင်ငံ တည်ထောင်နိုင်ခဲ့သော အလောင်းမင်းတရားလက်ထက်တွင် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အပိုင် သီဟတောဘုရား တောင်ဘက် (၂)မိုင်ခန့်အကွာတွင် ရှေးက သိန်းကတောနယ်မြေဟုခေါ်သော နယ်မြေတစ်ကွက်ရှိသည်။ အညာသီဟတောဘုရားနယ်ပယ်၊ ဝတ္တကမြေ လှူဒါန်းရန် ရွှေကြိုး သတ်မှတ်ရာတွင် မပါရှိဘဲ ကွက်ကျန်ခဲ့သဖြင့် တစ်ကွက်ဟု ခေါ်တွင်ခဲ့ပြီး ယခုအခါ ကဘွတ်ကျေးရွာ အမည်တွင်သော နယ်မြေမှ နန်းတော်သုံး တော်ဝင်သနပ်ခါးထွက်ရှိကြောင်း မှတ်သားရသည်။
မြန်မာ့သနပ်ခါးနေ့ ဖြစ်ပေါ်လာပုံ
မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးအများဆုံး စိုက်ပျိုးရာဒေသမြို့နယ်များ ဖြစ်ကြသော အရာတော်၊ ရွှေဘို၊ ကန့်ဘလူ၊ မုံရွာ၊ မြင်းမူ၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက် မြို့နယ် တို့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် သနပ်ခါးအများဆုံး စိုက်ပျိုးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က "သနပ်ခါးမြို့တော် အရာတော်" ဟု ကမ္ဗည်းတင် သတ်မှတ်ခဲ့သည်။ မြန်မာ့သနပ်ခါးကို ပြည်တွင်သနပ်ခါးဈေးကွက် ခိုင်မာရေး၊ ပြည်ပ ဈေးကွက် ကျယ်ပြန့်စွာရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် အရာတော်မြို့နယ် သနပ်ခါး စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က စတင်ဖွဲ့စည်းခဲ့ကြသည်။ ထိုအဖွဲ့အစည်းမှ တစ်ဆင့် "မြန်မာနိုင်ငံ သနပ်ခါးအသင်း" ဟူ၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထိုမြန်မာနိုင်ငံသနပ်ခါးအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀၊ ၃၁ ရက်များက ပထမဆုံးအကြိမ် သနပ်ခါးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲကို မန္တလေး တောင်ခြေ၊ ကျောက်တော်ကြီးဘုရာတွင် ကျင်းပပြုလုပ်ပေးနိုင်ခဲ့သည်။
"တပို့တွဲလ၊ ကုံသို့ကျ၊ မာဃ ထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ" ဟူ၍ တပို့တွဲလဘွဲ့ သံပေါက်ကဗျာကို ကင်းဝန်မင်းကြီးက ရေးသားခဲ့သည်။ တပို့တွဲလတွင် မီးပုံပွဲနှင့် အတူ ထမနဲပွဲကို လည်း ကျင်းပခဲ့ကြသည်။ "မီးဖုန်းလှူမြဲ၊ တပို့တွဲ" ဟုဆိုကြသည့်အတိုင်း တပို့တွဲလတွင် မီးဖုန်းပွဲ (မီးပုံပွဲ) ကျင်းပလေ့ရှိကြသည်။ တပို့တွဲလသည် အအေးဓာတ် လွန်ကဲသော လဖြစ်သဖြင့် မြတ်စွာ ဘုရားရှင် လက်တော်ကင်ရန်အတွက် ရည်စူးကာ မီးပုံ၍ ပူဇော်သောပွဲတော်ကို မီးဖုန်းပွဲဟု ခေါ်ကြ သည်။ ထိုအလေ့အထသည် ပုဂံခေတ်ကပင် အစပျိုးခဲ့၍ မြန်မာမင်းများ လက်ထက်က တခမ်းတနား ကျင်းပခဲ့သည်။ အညာမြေဒေသ တခွင်တွင် သနပ်ခါးပင် ပေါများလေရာ အဆိုပါ မီးဖုန်းပွဲ၌ သာမန်ထင်းကို အသုံးမပြုပဲ သနပ်ခါးအတုံး၊ အခက်အလက် အများအပြားကို ကရမက်၊ နံ့သာဖြူ၊ နီ တို့နှင့် ရောနှော၍ မီးရှို့ပူဇော်ခဲ့ကြသည်။ မီးဖုန်းပွဲတော်အတွက် တပျော်တပါး သနပ်ခါးခုတ် ထွက်ကြသည်။ ယခုခေတ်တွင်မူ သနပ်ခါးပင်များ နည်းပါးလာခြင်းကြောင့် ထိုအလေ့အထသည် ပပျောက်စ ပြုလာလေပြီ။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၁၂၊ စာ-၄၈၀)
တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရာရှင်ကို ရည်မှန်းကာ သနပ်ခါးအစရှိသော အမွှေးနံ့သာသားတို့ဖြင့် ဘုရားကို မီးပူဇော်ခဲ့ကြသည်မှာ မြန်မာ ယဉ်ကျေးမှုတစ်ခုပင်ဖြစ်ပါသည်။ ရှေးအစဉ်အဆက်မှ စ၍သနပ်ခါးသားဖြင့် မီးပူဇော်ခဲ့သည်ကို အကြောင်းပြု၍ တပို့တွဲလပြည့်နေ့ကို "မြန်မာ့သနပ်ခါးနေ့" ဟူ၍ မြန်မာနိုင်ငံ သနပ်ခါးအသင်းက ကြီးမှူးက သတ်မှတ်ပေးခဲ့ကြသည်။
မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးက မြတ်နိုးတန်ဖိုးထားကြသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သည့်အပြင် ကျန်းမာရေးအတွက်ဆေးဝါအဖြစ် ကမ္ဘာ့အလယ်တွင် မြန်မာ့ရိုးရာ သနပ်ခါး ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းကာကွယ်ရမည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေးအနှစ်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ခင်ဦးစိုးဝေ