သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ကျောက်မြောင်းဘုန်းတော်ကြီးကျောင်းနှင့် မော်ရှည်ကုန်းဘုန်းတော်ကြီးကျောင်းတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦး‌ဆောင်သော သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဘုန်တော်ကြီးကျောင်းများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို သံဃာတော်များအား ပြောကြားခဲ့ကြောင်း၊ မီးဘေးအန္တရာယ်တစ်ခုခုကြုံတွေ့လာရပါက မီးသတ်ဦးစီးဌာနသို့ အချိန်မှီဆက်သွယ်ရန် (191)စတေကာအပြားများကိုလည်း ဘုန်းတော်ကြီးကျောင်း ထင်ရှားသည့်နေရာများတွင် ကပ်နှိပ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်နိုင်လွင်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)