သနပ်ပင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများဆောင်ရွက်

သနပ်ပင် ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းမင်းမှ မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ မီးဘေးအန္တရာယ်ကျရောက်ပါက လုပ်ဆောင်မည့် ဆောင်ရန်၊ ရှောင်ရန်၊ အချက်အလက်များကိုလည်းကောင်း၊ မီးကိုပေါ့ဆစွာမသုံးသင့်ကြောင်း လျပ်စစ်မီးကိုင်တွယ်အသုံးပြူပြီးက မီးခလုပ်များကို စနစ်တကျ ပြန်လည်ပိတ်ထားရန် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်၊ မီးဘေးအန္တရာယ်ကျရောက်ပါက မီးသတ်ဆေးဗူး၊ အဝတ်စိုနှင့် မီးငြိမ်းသတ်ပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ မီးသတိ‌‌ပေး‌‌နှိုး‌ဆော်ခြင်း ဈေးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦးများ၊ စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ စက်ရုံအလုပ်ရုံများနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများသို့ မီးဘေးစစ်ဆေးဆောင်ရွက်ခြင်းအား အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)