သရက်ချောင်း ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးလက်ကျန် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာ (ပဉ္စမအကြိမ်) စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ အားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ သီးနှံထွက်ကုန်များ အရည်အသွေးကောင်းမွန်စေရေး ဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်မင်းက မိုးစပါးလက်ကျန်၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်း ရည်ရွယ်ချက်များအား ရှင်လင်းဆွေးနွေးခဲ့သည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်တာဝန်ရှိသူများက တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကာအခမ်းအနားရုတ်သိမ်းခဲ့ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးလက်ကျန်၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် (၄၂၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၁၂) အိတ်ကို မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စုရှိ တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)