ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုပေးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်နှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် သိရှိလိုက်လာရမည့်အချက်များ၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေရန်အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပုံပြင်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့် ကျောင်းသား/သူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး မြို့နယ်ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာကြသော ကျောင်းသား/သူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်၊ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပိုစတာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)