စစ်ကိုင်းတိုင်းဒေသကြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေးဆွေးနွေးပွဲနှင့်ပြပွဲ မုံရွာမြို့တွင် ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေးဆွေးနွေးပွဲနှင့်ပြပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသောဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က “လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဟာ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နေတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နှစ်စဉ် မိုးစပါးဧက (၁၈) သိန်း၊ နွေစပါးဧက (၂)သိန်းခန့်၊ စုစုပေါင်း သိန်း (၂၀) ခန့် ကို ပုံမှန်အားဖြင့် စိုက်ပျိုးနိုင်ခဲ့တဲ့ တိုင်းဒေသကြီးဖြစ်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်မှာ မိုးစပါး ၁၈,၂၀၅,၀၀ ဧကနှင့် နွေစပါး ၂,၅၀,၀၀၀ ဧက၊ ပဲတီစိမ်း၊ ကုလားပဲ၊ မတ်ပဲနှင့် ပဲစဉ်းငုံအပါအဝင် ပဲမျိုးစုံ ၂,၄၄၀,၇၉၇နှင့် နေကြာ၊ နှမ်း၊ မြေပဲအပါအဝင် ဆီထွက်သီးနှံ ၂၄,၃၀,၄၁၁ ဧက လျာထားစိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း။

ဒီလို သီးနှံပေါင်းစုံစိုက်ပျိုးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံများရဲ့ စိုက်ပျိုးမြေဧရိယာအသုံးချမှု တိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှု စွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ စိုက်ပျိုးနေတဲ့ သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း။

 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားချက်မှာလည်း “ မိမိတို့နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်နေရန်လိုအပ်ပြီး နိုင်ငံ၏ အဓိက ထုတ်ကုန်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်သဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်း ၄ သွယ်ဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ အတိုင်းထွက်ရှိစေရေး ဆောင်ရွက်ကြရန် လိုကြောင်းနှင့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အထူးအလေးပေး ဆောင်ရွက်ကြစေလိုကြောင်းတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေးအတွက် ရည်မှန်းဆောင်ရွက်ရာမှာ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသလို ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း စိုက်ပျိုးရေးအတွက် ရေလိုအပ်ချက်အား လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ် ပြောင်းလဲနိုင်ရေး စသည့် ကဏ္ဍများကိုလည်း စွမ်းအားရှိသ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးရေးစွမ်းအားမြှင့်တင်ရေးအတွက် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးအတွက် တက်ရောက်လာသည့် ဌာနများမှဝိုင်းဝန်းပူးပေါင်း၊ ကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း နှင့်ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း သီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီ၍ တိုင်းဒေသကြီးရဲ့ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့်အတူ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဝင်းလှိုင်ဦးနှင့် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေးနှင့်စပ်လျဥ်း၍ အသီးသီးဆွေးနွေးတင်ပြမှုအပေါ် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ခင်းကျင်းပြသထားသော အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဟင်းသီးဟင်းရွက်များ စဉ်ဆက်မပြတ် စိုက်ပျိုးရေးပြခန်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းပြခန်း၊ စိုက်ပျိုးရေးဝန်ထမ်း၏ တစ်နိုင်တစ်ပိုင် ငါးခူမွေးမြူရေးကန်၊ ပျိုးဥယျာဥ် (Nursey Farm)၊  မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponic) ၊ စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကြက်မွေးမြူရေးခြံ  စသည့်ပြပွဲများအား လိုက်လံကြည့်ရှုအားပေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးနောက် တက်ရောက်လာသူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဝန်ထမ်းများတောင်သူများအား  ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) ဥယျာဥ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ ထုတ်လုပ်သော မျိုးစေ့အမျိုးအစား (၁၀) မျိုးစီကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)