လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရန် ကျုံပျော်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဖေဖော်ဝါရီ ၈

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆု‌ဝေလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ ယခုစကားဝိုင်းဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားကြရန်၊ လာမည့်ဆွေးနွေးပွဲများတွင် မိမိတို့ပါ ပါဝင်ဆွေးနွေးနိုင်အောင် ကြိုးစားကြရန်၊ အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများဖြစ်အောင် ပညာ၊ ဗဟုသုတ ပြည့်စုံကြသူများဖြစ်နိုင်ရေး ကြိုးစားကြရန်တို့ကို အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍လည်ကောင်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာ ယူသင့်သည့် အလေ့အကျင့်များကိုလည်ကောင်း၊  ဗလငါးတန်ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကိုလည်ကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်  ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆု‌ဝေလှိုင်၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်းနှင့်  အ.ထ.က(၂)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မလင်းလက်နန္ဒာ၊ မစန္ဒာမိုးဝင်း၊ မောင်ညီရဲရင့်နှင့် မောင်ဖြိုးဝေကျော်တို့က လူငယ်နှင့် ကိုယ်ကျင့်တရား၊  လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် မူးယစ်ဆေး၊  လူငယ်နှင့် စည်းကမ်း စသည့်အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် စကားဝိုင်း တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ ဦးဆောင်ဆွေး‌နွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် ဗဟုသုတနှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက်  နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊  ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာ ခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ် မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်၊ စကားပြောစွမ်းရည် ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်ဆက်)