ကံမမြို့နယ်တွင် ၂၀၂၄-ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကံမ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဝင်း၏ ဦးဆောင်စီစဉ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့ (၂)ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက်တစ်ကွက်သတ်မှတ်ကာ ယနေ့ နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်များတွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းကို ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄-ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို မြို့နယ်အတွင်း နေ့စဉ်တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အဆောက်အအုံတွင် လူနေ မနေ၊ ကျား မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို ဇန်နဝါရီလ (၁၆)ရက်နေ့မှ မတ်လ(၃၁) ရက်နေ့အထိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)