မြဝတီ ဖေဖော်ဝါရီ ၇
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီက အခြေခံ ပညာအထက်တန်းကျောင်း(ဝါးတော)နှင့်(ရေပူ)တို့၌ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က ဘေးအန္တရာယ်ဆိုင်ရာ အမျိုးအစားနှစ်မျိုးမှ သဘာဝကြောင့်ဖြစ်ပေါ်သည့် ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် လူသားကြောင့် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ် မဖြစ်ပေါ်ရန် သတိပြုရမည့် အချက်များ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန် စွန့်ပစ်ပစ္စည်း စနစ်တကျစွန့်ပစ်ရေးနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောပေးပြီး အကြောင်း အရာများအား ကဏ္ဍတစ်ခုချင်းစီ ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးပြဘုတ်၊ အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် ဌာနအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျောင်း သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)