တနင်္သာရီမြို့-ဝင်္ကဘာကျောင်းတိုက်ရှိကျောင်းသူ/သားများအား မှုခင်းကျဆင်းရေး၊ စိတ်ဓာတ်မြှင့်တင်ရေး အသိပညာပေးဟောပြော

တနင်္သာရီ ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီအချိန်က တနင်္သာရီမြို့-ချောင်းငယ်ရပ်ကွက် ရန်ပြေမာန်ပြေရန်အောင်မြေ ဝင်္ကဘာကျောင်းတိုက်ရှိ ညအိပ်နေ့နေ ကျောင်းသူ/သားများနှင့်ရှင်သာဏေများ စုစုပေါင်း(၅၀)ဦးတို့ကို ဝင်္ကဘာအပေါ်ကျောင်းတိုက် ဆရာတော်အရှင်အာနန္ဒ၏ ဩဝါဒကိုခံယူ ၍ မှုခင်းကျဆင်းရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဝင်္ကဘာကျောင်းတိုက် ဆွမ်းစားဆောင်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက ကျောင်းသား/သူများ ဗလငါးတန်ဖွဲ့ဖြိုးရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် ပြည်ထောင်စုနေ့သမိုင်းအကြောင်းကို ပညာပေးဆွေးနွေးပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်နိုင်လင်းအောင်က Social Media နှင့် ဆက်စပ်သည့် ဥပဒေများအကြောင်းကိုလည်းကောင်း၊ တနင်္သာရီမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်အေး ကိုကိုက လူကုန်ကူးမှု/လူမှောင်ခိုကူးမှုဆိုင်ရာများနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောပေးကာ ကျောင်းသူ/သားများ သိလိုသည်များကို ပြန်လည်ဖြေကြားပေး ကြကြောင်း သိရသည်။

ထို့နောက် ယနေ့ဆွေးနွေးမှုများနှင့်ပတ်သက်၍ ကျောင်းသူ/သားများအား ဆန်းစစ်မေးမြန်းပြီး မှန်ကန်စွာ ဖြေဆိုနိုင်သည့် ရှင်သာမဏေတစ်ပါးနှင့်ကျောင်းသူတစ်ဦးတို့အား တာဝန်ရှိသူများက ဆုငွေများချီးမြှင့်ပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)