ဓနုဖြူမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) အသိပညာပေး​ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဓနုဖြူ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ထီကွေ့ကျေးရွာရှိ အ.မ.က (ထီကွေ့) ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်မေစိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်း​အကြောင်းအရာများ၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ကြစေရန်၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခတ္တမြို့နယ်တာဝန်ခံ ဦးခိုင်လွှမ်းမိုးက စာသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန်ဝေပေးခဲ့ပြီး၊ အသိပညာပေးနံရံကပ်စာစောင်များနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)