မကွေး ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေမီးသတ်စခန်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီနေ့ဖွင့်လှစ်တဲ့ နယ်မြေမီးသတ်စခန်းဟာ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေအတွက် မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ် ၂၃၈,၉၀၀ သန်းနှင့် တည်ဆောက်ပေးခဲ့တာဖြစ်ပြီး ရှေ့လာမယ့် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်မှာလည်း လယ်ကိုင်းနယ်မြေမီးသတ်စခန်းနဲ့ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ စခန်းရှေ့ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် ၁၂.၁၅၀ သန်း၊ မြေဖို့ခြင်းလုပ်ငန်းအတွက် ၄၃.၂၂ဝ သန်း၊ စုစုပေါင်း ၅၅.၃၇၀ သန်းကို ရန်ပုံငွေလျာထားရေးဆွဲထားပြီးဖြစ်ကြောင်း၊ ဒီအနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာများမှ ပြည်သူတွေ အားကိုးအားထားပြုရမယ့် ယခုလို နယ်မြေမီးသတ်စခန်းသစ်ကြီးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခရိုင်၊ မြို့နယ်(၂၅)မြို့နယ်မှာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး (၁)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး (၇)ရုံး၊ ခရိုင်မီးသတ်စခန်း (၇)စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး(၂၅)ရုံး၊ မြို့နယ်မီးသတ်စခန်း(၂၅)စခန်း၊ နယ်မြေမီးသတ်စခန်း(၆၉) စခန်းကို နိုင်ငံတော်မှ ဖွဲ့စည်းပုံခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ယခုဖွင့်လှစ်တဲ့ လယ်ကိုင်းနယ်မြေမီးသတ်စခန်း အပါအဝင် မကွေးမြို့နယ်၊ သစ်ရာကောက် နယ်မြေမီးသတ်စခန်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောနယ်မြေမီးသတ်စခန်း၊ ညောင်ပင်ဆိပ်နယ်မြေ မီးသတ်စခန်း၊ ကျောက်ပန်းတောင်း နယ်မြေမီးသတ်စခန်း၊ မင်းလှမြို့နယ်၊ ညောင်ဝိုင်းနယ်မြေမီးသတ်စခန်း၊ စုစုပေါင်း နယ်မြေမီးသတ်စခန်း(၆)စခန်းကို ထပ်မံတိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်တွင် မီးလောင်မှ ၁၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် မီးလောင်မှု ၇၂ ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက မီးလောင်မှ ၃၄ ကြိမ် လျော့နည်း ကျဆင်းခဲ့ကြောင်း၊ မင်းဘူးခရိုင်အတွင်း ၂ဝ၂၂ ခုနှစ်တွင် မီးလောင်မှု (၂၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် မီးလောင်မှု(၁၄)ကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် မီးလောင်မှု(၁၃)ကြိမ် လျော့နည်းကျဆင်းခဲ့ပါကြောင်း၊ ယခုကဲ့သို့ စခန်းအဆောက်အအုံတွေကို ဒေသလိုအပ်ချက်အရ ဘဏ္ဍာရန်ပုံငွေအပေါ်မူတည်ပြီး တည်ဆောက်ပေးခဲ့တာဖြစ်သလို အနှစ်သာရအနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ယုံကြည်ချက်၊ ခံယူချက်၊ မှန်ကန်ကောင်းမွန်ခိုင်မြဲပြီး နိုင်ငံဝန်ထမ်းများတွင်ရှိရမည့် စံတန်ဖိုးများဖြစ်သော ရိုးသားခြင်း၊ ဖြောင့်မတ်သမာဓိရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း၊ ဘက်မလိုက်ခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှုအရည်အသွေး၊ ပေါင်းသင်းဆက်ဆံမှုအရည်အသွေးနှင့် လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးတွေရှိဖို့ လိုအပ်တယ်ဆိုတာ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် လယ်ကိုင်းနယ်မြေမီးသတ်စခန်းသစ် တည်ဆောက်ပြီးစီးမှု မှတ်တမ်းဖိုင်အား ဆောက်လုပ်ရေးကုမ္ပဏီမှ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အဆိုပါ မီးသတ်စခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ လယ်ကိုင်းနယ်မြေမီးသတ် စခန်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ